Wednesday, August 28, 2013

ကုလအကြံပေးအရာရှိ မစ္စတာဗီဂျေနမ်ဘီးယား ကချင်ပြည်နယ် မြစ်ကြီးနားမှ လိုင်ဇာမြို့သို့ အရောက်လာ

သြဂုတ် ၂၈၊ ၂၀၁၃ KIO လိုင်ဇာမြို့သို့ အလည်ပတ်ရောက်လာတဲ့ ကုလအကြံပေးအရာရှိ မစ္စတာဗီဂျေနမ်ဘီးယား။

မြန်မာနိုင်ငံသို့ တိတ်တဆိတ်ရောက်လာသော ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ် ဘန်ကီမွန်း၏ မြန်မာနိုင်ငံဆိုင်ရာ အထူးအကြံပေးအရာရှိ မစ္စတာဗီဂျေနမ်ဘီးယား (Mr. Vijay Nambiar) သည် ယနေ့ ကချင်ပြည်နယ် မြစ်ကြီးနားမြို့နှင့် ကချင်လွတ်မြောက်ရေးအဖွဲ့ဌာနချုပ် လိုင်ဇာမြို့သို့ ရောက်ရှိလာကာ KIO ခေါင်းဆောင်များနှင့်တွေ့ဆုံကာ ဒုက္ခသည်စခန်းများကို ကြည့်ရှုခဲ့သည်။

မစ္စတာဗီဂျေနမ်ဘီးယားသည် မြစ်ကြီးနားမှ လိုင်ဇာဌာနချုပ်သို့  ငြိမ်းချမ်းရေး အကျိုးတော်ဆောင် အဖွဲ့ PCG နှင့် Technical Advisory Team ရုံးအဖွဲ့များ UN မှ မာရီယာအပါအ၀င် ယနေ့နံနက် ၁၁း၀၀ နာရီဝန်းကျင်တွင် အတူရောက်ရှိလာခဲ့ခြင်းဖြစ်ကြောင်း ဒုက္ခသည်ကယ်ဆယ်ရေး ကော်မတီ ဥက္ကဌ ဆလန်ကဘာ ဒွဲပီဆာ ကချင်သတင်းဌာနသို့ပြောသည်။

“ဒီနေ့ရောက်လာတော့ ဌာနချုပ်အရာရှိတွေနဲ့တွေ့တယ် တခြားတော့မရှိဘူး။ အဲဒီမှာ အချင်းချင်း မိတ်ဆက်သလောက်ပဲခဏတွေ့တယ်။ ပြီးတော့ အနီးမှာရှိတဲ့ ဂျေယန့်ဒုက္ခသည်စခန်းသွားတယ်။ ဒါပေမယ့် သူတို့အချိန်သိပ်မရှိတော့ စခန်းကိုကြည့်တယ်။ နောက်ပြီး စခန်းအထက်ပိုင်းမှာ ဆေးရုံ ရှိတယ်။ အဲဒီမှာ ခဏ၀င်ကြည့်တယ်။ ပြီးတော့ပြန်သွားတယ်။ လိုင်ဇာက ဒုက္ခသည်စခန်း ၂ခုရှိတယ်။ အဲဒါလည်း လျှောက်ကြည့်တယ်။ ဒီလောက်ပဲ ဘယ်သူနဲ့မှသိပ်စကားပြောတာမရှိဘူး။ ထမင်းစားပြီး နောက်မှာ အခုပြန်သွားကြတယ်။ အခုလမ်းမှာပဲရှိအုံးမယ်။” 

အစိုးရခွင့်ပြုချက်ဖြင့် ရောက်ရှိလာခြင်းဖြစ်သော်လည်း အချိန်အနည်းငယ်သာဖြစ်သောကြောင့် ခရီးလမ်းကိုနှစ်ဖက်လုံခြုံရေးယူကာပို့ဆောင်ပေးခဲ့ရာ မြန်မာအစိုးရဖက်မှ နမ်ဆန်ယန်ရှိ ၄င်းတို့ရှေ့တန်းထိ ပို့ဆောင်ပေးသကဲ့သို့ အပြန်ခရီးတွင် KIO ဖက်မှ ဒုစစ်ဦးစီးချုပ် ဗိုလ်ချုပ် ဂွန်မော်အပါအ၀င် အခြား ဗိုလ်ချုပ်ကြီးများကိုယ်တိုင် နမ်ဆန်ယန်ထိပို့ဆောင်ပေးခဲ့ကြောင်းသိရသည်။

မစ္စတာဗီဂျေနမ်ဘီးယားသည် ၄င်း၏အချိန်ရအတွင်း လိုင်ဇာမြို့ ဒုက္ခသည်စခန်း ၂ ခုဖြစ်သော ဂျေယန့်နှင့် ဝေကြိုင်စခန်းအပြင် ဆေးရုံများတွင်ကြည့်ရှုအားပေးခဲ့ခြင်းဖြစ်ကြောင်း လိုင်ဇာမှပို့ဆောင်ခဲ့ သူတစ်ဦးကပြောသည်။

“PCG ကားသုံးစီးနဲ့ပါ။ သူတို့ကို အချိန်က ၃ နာရီပဲခွင့်ပြုတယ်ကြားတယ်။ အချိန်ကမရဘူး။ ဒါကြောင့် စားသောက်ပြီးဒါနဲ့ တခါတည်းပြန်လိုက်ပို့တယ်။ နမ်ဆန်ယန်မှာ ၁၀ မိနစ် လောက် ခဏနားတဲ့အချိန် အလဲန့်ဘွမ်တောင်ကုန်းက ကျောင်းကိစ္စနဲ့ပတ်သက်ပြီးပြောတယ်။”

ထိုသို့ ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ် ဘန်ကီမွန်း၏ မြန်မာနိုင်ငံဆိုင်ရာ အထူးအကြံပေး အရာရှိ တဦးဖြစ်သော မစ္စတာဗီဂျေနာမ်ဘီးယား (Mr. Vijay Nambiar) ကိုယ်တိုင်လာရောက်ခြင်းနှင့်ပတ်သက်၍ အချိန်တို အတွင်းဖြစ်သော်လည်း ၄င်း၏အသိအမှတ်ပြုခြင်းအပေါ် ဂုဏ်ယူဝမ်းမြောက်မိကြောင်း ဆလန်ကဘာ ဒွဲပီဆာက ပြောသည်။

“အခုလိုကျွန်တော်တို့ခက်ခဲရင်ဆိုင်နေရတဲ့ တော်လှန်ရေးခရီး နှစ်ပေါင်း ၅၀ ကျော်မှာ အစိုးရကတော့ သူပုန်တောခိုတွေ သောင်းကျန်းသူအဖျက်သမားတွေဆိုပြီးမှ သတ်မှတ်ထားတာကို အခုလို UN ကနေပြီးတော့ ကျွန်တော့်တို့နေရာကိုရောက်လာပြီးကျွန်တော့်ကိုလည်းလာတွေ့ဆုံစကားပြောတာက ကျွန်တော်တို့တွေ၊ ကျွန်တော်လူမျိုးတွေကို အသိအမှတ်ပြုလာတာဖြစ်တယ်လို့ ကျွန်တော်နားလည်တယ်။”

မစ္စတာ နမ်ဘီးယား (Mr. Nambiar) ၏ မြန်မာနိုင်ငံခရီးစဉ်သည် ၆ ကြိမ်မြောက်လာရောက်ခြင်းတွင် ကချင်ပြည်နယ်ခရီးစဉ်သည်ပထမဆုံးအကြိမ်ဖြစ်ပြီး အစောပိုင်းက မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် ကင်တားနား၏ ၁၀ ရက် ခရီးစဉ်အတွင်း လိုင်ဇာသို့ သွားရောက်ရန် ပိတ်ပင်ခံရသည့်နောက်  မစ္စတာ နမ်ဘီးယား သွားရောက်လိုက်ခြင်းလည်းဖြစ်သည်။

www.kachinnews.com

www.burmese.kachinnews.com

www.kahcin.kachinnews.com

www.kachin-news.blogspot.com

http://www.facebook.com/Kachin-News-Group


0 comments:

Post a Comment