Thursday, February 7, 2013

KIO နယ်မြေသို့ တိုးလာနေဆဲဒုက္ခသည်များအတွက် နိုင်ငံတကာ အကူအညီလိုအပ်

ယမန်နှစ်က UN မှ ဆန်များကို ယခုလို KIO မိုင်ဂျာယန် ဒုက္ခသည်စခန်းတခုတွင် ဝေငှပေးနေပုံ။

ကချင်ပြည်နယ်တွင်း ၁ နှစ်ကျော်ကြာဖြစ်ပွားနေသည့် တိုက်ပွဲများကြောင့် ကချင်လွတ်မြောက်ရေးတပ်ဖွဲ့ (KIA) ထိန်းချုပ်နယ်မြေများတွင် ဒုက္ခသည်များသည် တိုးလာနေဆဲဖြစ်ပြီး နိုင်ငံတကာ ကုလသမဂ္ဂအဖွဲ့စည်းများ၏ အကူအညီ လိုအပ်နေကြောင်းသိရသည်။

ကချင်ဒေသသို့ နိုင်ငံတကာနှင့် ကုလသမဂ္ဂ အဖွဲ့အစည်းမှ စစ်ပြေးဒုက္ခသည်များကို ကူညီပေးရေးကိစ္စ မြန်မာအစိုးရမှ တားမြစ်ထားခြင်းကြောင့် အထူးသဖြင့် KIO ထိန်းချုပ်နယ်မြေရှိ ဒုက္ခသည်များအတွက် အကူအညီပို၍လိုအပ်လာခြင်းဖြစ်ကြောင်း ဒုက္ခသည် ကယ်ဆယ်ရေးကော်မတီ ဥက္ကဋ္ဌ ဆလန်ကဘာဒွဲပီဆာ (Salang Kaba Doi Pyi Sa) KNG ကချင်သတင်းဌာနသို့ပြောသည်။

“ခက်ခဲမှုကရှိနေဆဲဘဲ ဒုက္ခသည်တွေက သူတို့ကူညီရင်တော့ ပိုကောင်းတာပေါ့။ တာဝန်လဲဟုတ်တယ်။ အကူညီမရတော့ ဒီမှာ တခြားကူညီလို့ရတဲ့သူတွေ မေတ္တာစေတနာနဲ့ကူညီတာကို အတူပေါင်းပြီး ၀ိုင်းတာဝန်ယူနေကြရတာဖြစ်တယ်။” ဟု ပြောသည်။

ကချင်လွတ်မြောက်ရေးအဖွဲ့ (KIO) ထိန်းချုပ်နယ်မြေ မိုင်ဂျာယန် (Mai Ja Yang) နှင့် အင်ဘာပါ (Nbapa) သို့  ကုလသမ္မဂအဖွဲ့အစည်းများ၂၀၁၂ ဇူလိုင်လကုန်ပိုင်းတွင် လာရောက်ကာ ကူညီမှုများပေးခဲ့သော်လည်း ယခုဆက်လက်၍ ထောက်ပံ့မှုလိုအပ်နေခြင်းဖြစ်သည်ဟု မိုင်ဂျာယန် (Mai Ja Yang) စခန်းမှပြောသည်။

“အာဟာရဖြစ်တဲ့ အစားအစာတွေ အသက်ကြီးသူတွေနဲ့ ကလေးငယ်များအတွက် ပိုလိုအပ်နေတယ်။ အစားအသောက်ပိုအရေးကြီးနေတယ်။ ရာသီဥတုအလိုက် ဆေးဝါးတွေလိုအပ်နေတယ်။” ဟု မိုင်ဂျာယန်ဒုက္ခသည်စခန်းမှ ဆရာမတစ်ဦးပြောသည်။

အစိုးရအုပ်ချုပ်နယ်မြေတွင် တိမ်းရှောင်နေသော ဒုက္ခသည်များကိုလည်း လူမှုအဖွဲ့အစည်းအချို့နှင့် ဒေသခံစေတနာရှင်များ ကချင်နှစ်ခြင်းခရစ်ယာန်အဖွဲ့ချုပ် KBC နှင့် အသင်းတော်များက ကူညီထောက်ပံ့မှုများပေးရနေသော်လည်း အကူအညီဆက်လက်လိုအပ်ဆဲဖြစ်ကြောင်းသိရသည်။

သို့သော် ကချင်နှစ်ခြင်းခရစ်ယာန်အဖွဲ့ချုပ် (KBC) ကို ဒုက္ခသည်များဆီသို့ ထောက်ပံ့ပေးနေသည့်အစီစဉ်ကို အချို့နေရာများတွင် ယခုလကုန်တွင် ပြတ်လပ်မည့်အခြေအနေရှိပြီး အချို့နေရာများတွင် အကူညီပေးရးမှာ အစိုးရတပ်များ နှောက်ယှက်ပေးနေသောကြောင့် လတ်တလော ဖားကန့်မြို့ ဆိုင်းရာ ကျေးရွာရှိ ဒေသခံများကို ကူညီမည့်ခရီးစဉ်ကို ဖြတ်လိုက်ရကြောင်း KBC အတွင်းရေးမှူး Rev. Doctor Hkalam Sam Sun ပြောသည်။

ယမန်နေ့ ကုလသမဂ္ဂ အထူးကိုယ်စားလှယ် ဗီဂျေနမ်ဘီးယားနှင့် အစိုးရ၀န်ကြီးများဖြစ်သည့် သမ္မတရုံးဝန်ကြီး ဦးစိုးသိန်း၊ လူဝန်မှု ကြီးကြပ်ရေးဝန်ကြီးများတို့သည် မြစ်ကြီးနားမြို့ရှိ ဒုက္ခသည် စခန်းများဖြစ်သော ဂျန်မိုင်ကောင်းနှစ်ခြင်းခရစ်ယာန်၊ တပ်ကုန်း ဒုက္ခသည် စခန်း၊ ၀ိုင်းမော်ဘုန်းကြီးကျောင်း၊ မိုင်းနား RC စခန်းများသို့ သွားရောက်ကာ စစ်ပြေးဒုက္ခသည်များကို သွားရောက်ကြည့်ရှုခဲ့သော်လည်း KIA ထိန်းချုပ်နယ်မြေသို့လာရောက်ခြင်းမရှိခဲ့ပေ။

လွန်ခဲ့သည့် ၂၀၁၂ခုနှစ် မတ်လ ၂၄ ရက် နေ့တွင် ကမ္ဘာ့စားနှပ်ရိက္ခာအဖွဲ့ WFP မှ ကားတစ်စီးနှင့် ကုလသမဂ္ဂ ဒုက္ခသည်များ ဆိုင်ရာ မဟာမင်းကြီးရုံး UNHCR သည် ပစ္စည်းများတင်လာသော ကားတစ်စီးနှင့် တုန်ဖုန်း (ကုန်တင်) ကား ၃ စီးဖြင့် မြစ်ကြီးနားမှတဆင့် တရုတ်-မြန်မာနယ်စပ် KIO ထိန်းချုပ်နယ်မြေသို့ မှတ်တိုင်အမှတ် (၈) စစ်ပြေးဒုက္ခသည်စခန်းတွင် ကူညီမှုရှိခဲ့ပြီး ယခုချိန်ထိ ကြံ့ကြာနေခြင်းဖြစ်ကြောင်းသိရသည်။

အဆိုပါ ဒုက္ခသည်များ၏အခက်ခဲအတွက် ကချင်နှစ်ခြင်းခရစ်ယာန်အဖွဲ့ချုပ် KBC မှ ဇန်န၀ါရီ ၃၀ ရက်နေ့စွဲဖြင့် ကချင်ဒေသအတွင်း စစ်ရေးတိုက်ခိုက်မှုများကို ချက်ခြင်းရပ်တန့်ပေးရန်နှင့် ကုလသမဂ္ဂနှင့် နိုင်ငံတကာ လူသားချင်း စာနာထောက်ထားသော အကူအညီပေးသည့် အဖွဲ့အစည်းများအား အကူအညီလိုအပ်သည့် နေရာများအားလုံးသို့ အတားအဆီးမရှိ အမြန်ဆုံး အထိရောက်ဆုံးကူညီခွင့်ပေးရန် ထုတ်ပြန်ကြေငြာခဲ့သည်။

ကချင်လွတ်မြောက်ရေးအဖွဲ့ (KIO) ထိန်းချုပ်နယ်မြေတွင် ဒုက္ခသည်စခန်း ၅၀ ကျော် ရှိရာ လူဦးရေ ၇၀၀၀၀ ကျော်ခိုလှုံနေပြီး အစိုးရအုပ်ချုပ်နယ်မြေတွင် ၂ သောင်းအထက် ခိုလှုံနေကြောင်း ကယ်ဆယ်ရေးကော်မတီ ဥက္ကဠ ဆလန်ကဘာ ဒွဲပီဆာ ပြောသည်။

 www.kachinnews.com
www.burmese.kachinnews.com
www.kachin.kachinnews.com

0 comments:

Post a Comment