Tuesday, February 26, 2013

ရှမ်းပြည်မြောက်ပိုင်း ရိခူးကျေးရွာတွင် KIA နှင့် အစိုးရတပ်တိုက်ပွဲဖြစ်ပွား

ပန်ဆိုင်းဒေသမှ MHH တပ်ခွဲ ၅ တပ်ဖွဲ့များ။
မြန်မာအစိုးရနှင့် ကချင်လွတ်မြောက်ရေးတပ်ဖွဲ့ (KIA) ကြား  စစ်ရေးတင်းမာမှုများ လျှော့သွားရန် ဆောင်ရွက်နေချိန် ရှမ်းပြည်မြောက်ပိုင်းတွင် တိုက်ပွဲများဖြစ်ပွားလာပြီး ယနေ့ နံနက် ပန်ဆိုင်း (Pangsai) မြို့ပတ်ဝန်းကျင် ရိခူး (Yi Hku) ကျေးရွာအနီးတွင် အစိုးရတပ်နှင့် KIA ပြည်သူ့စစ်တပ်ရင်း (MHH) တပ်ခွဲ (၅) တို့ တိုက်ပွဲဖြစ်ပွားခဲ့သည်။

နံနက် ၁၀ ချိန်တွင် အစိုးရတပ်အင်အား ၂၀၀ ခန့်ရှိသည့် အစိုးရတပ်များသည် MHH (Mungshawa Hpyen Hpung) တပ်ဖွဲ့များရှိသည့် နေရာသို့  ရုတ်တရက်ဝင် ရောက်လာပြီး လက်နက်ကြီးများဖြင့် ပစ်ခတ်လာခြင်းကြောင့် နှစ်ဘက်တပ်မှ တိုက်ပွဲဖြစ်ပွားလာခြင်းဖြစ်သည်ဟု တပ်ခွဲ (၅) စစ်ဗိုလ်တဦး KNG ကချင်သတင်းဌာန သို့ပြောသည်။

ထိုအစိုးရတပ်များသည် ခလရ အမှတ် ၆၉၊ ခမရ ၂၄၂ တို့ ဖြစ်ပြီး MHH တပ်ခွဲ(၅)နှင့် နံနက်ပိုင်း နာရီဝက်အကြာ ထိပ်တိုက် ရင်ဆိုင်တိုက်ပွဲတွင် အစိုးရဘက်မှ ၂ ဦး ပြင်းထန်စွာ ဒဏ်ရာရရှိခဲ့ပြီး တရုတ်ဆေးရုံသို့ သယ်ဆောင်သွားကြောင်း MHH တပ်ခွဲ ၅ စစ်ဗိုလ်မှ ဆက်ဆိုသည်။

အစိုးရတပ်မှ သေဆုံးဒဏ်ရာရရှိမှုနှင့် MHH တပ်ခွဲ (၅) မှ သေဆုံး ထိခိုက်မှုမရှိကြောင်း ပြောဆိုခဲ့သော်လည်း သီးခြားအတည်ပြုချက်မရရှိပါ။

ယခုချိန်အစိုးရတပ်များသည် MHH တပ်ခွဲ (၅) တည်ရှိရာ ပန်ဆိုင်းမြို့ အနီးဝန်းကျင် တဝိုက် စစ်အင်အားများ ၃၀၀ ခန့်တိုးချထားသောကြောင့် ဆက်လက်၍ တိုက်ပွဲဖြစ်ပွားလာနိုင်ကြောင်း MHH တပ်ခွဲ (၅) အရာရှိ KNG ကချင်သတင်းဌာနသို့ပြောသည်။

ယမန်နေ့ တင်္နလာနေ့ နံနက် ၈ နာရီခွဲချိန်တွင်လည်း ခလဲန် (Hka Len) ကျေးရွာ အနီးတွင် MHH တပ်ခွဲ (၅) နှင့် ၎င်းအစိုးရတပ်များတိုက်ပွဲဖြစ်ပွားခဲ့သည်။

ရှမ်းပြည်အရှေ့မြောက်ပိုင်း KIA တပ်မဟာ (၄) နယ်မြေတွင် အစိုးရတပ်မှ ဖေဖ၀ါရီလ ၁၉ ရက်မှ စ၍    စစ်အင်အားများ တိုးချဲ့လာကြောင်း ဒေသခံများပြောသည်။

အဆိုပါတိုက်ပွဲများသည် အစိုးရနှင့် KIO ကြား နိုင်ငံရေးတွေ့ဆုံဆွေးနွေးမှုပြုလုပ်နေစဉ် တိုက်ပွဲများဆက်လက် မဖြစ်ပွားစေရန် ညှိနှိုင်းဆောင်ရွက်မှုအချို့ပြုလုပ်နေချိန် ဖြစ်ပွားလာခြင်းဖြစ်သည်။

ထို့အတူ တပ်မဟာ (၅) KIA ဗဟိုဌာနချုပ် နယ်မြေသို့ အစိုးရတပ်မှ စစ်အင်အားများ ကား အစင်း ၃၀ သည် ယမန်နေ့ တင်္နလာနေ့ နံနက် ၉ နာရီခွဲချိန်တွင် လဂျားယန်အနီးရှိ မန်ဆိုင်း ကျေးရွာတွင်  ထပ်မံတိုးချလာကြောင်း ရှေ့တန်းမှအရာရှိများဆိုသည်။

၎င်းအစိုးရတပ်သည် တပ်မ (၇၇) ဗန်းမော်ဘက်မှ ဖြစ်ပြီး ရိက္ခာများနှင့် အင်အား ၄၀၀ ကျော်ခန့် လှုပ်ရှားလာကြောင်း KIA မှ ခန့်မှန်းပြောဆိုသည်။

KIA ဌာနချုပ်နယ်မြေ လဂျားယန်ဒေသအနီးတဝိုက် ထိုးစစ်ဆင်ခြင်းရပ်ဆိုင်းလိုက်ကြောင်း လွန်ခဲ့သည့် ဇန်နဝါရီ ၁၉ ရက်နေ့တွင် နိုင်ငံတော်သမ္မတ ဦးသိန်းစိန်မှ ညွန်ကြားထားသော်လည်း ဆက်လက်တင်းမာနေသော နေရာဖြစ်သည်။

www.kachinnews.com
www.burmese.kachinnews.com
www.kachin.kachinnews.com

0 comments:

Post a Comment