Wednesday, February 6, 2013

မြစ်ကြီးနားဆေးရုံဝင်း ၀န်ထမ်းတန်းမီးလောင်မှု အိမ် ၁၁ လုံး ပါသွား

မီးလောင်ပျက်ဆီးနေတဲ့ မြစ်ကြီးနားဆေးရုံ ၀န်ထမ်းဆောင်မြင်ကွင်း။
ဖေဖေါ်ဝါရီလ ၆ ရက် ယနေ့မနက် ၃ နာရီတွင် ကချင်ပြည်နယ် မြစ်ကြီးနားမြို့  ပြည်သူ့ဆေးရုံကြီးဝင်းရှိ ၀န်ထမ်းများနေထိုင်သည့်ဘက်တွင် ၀ါယာကြိုးရှော့ဖြစ်သောကြောင့်ဟု ယူဆရသောမီးလောင်ကျွမ်းမှုတခုဖြစ်ပွားခဲ့ပြီး မိသားစုများနေထိုင်သော အိမ် ၁၁ လုံး လောင်ကျွမ်း ပျက်စီးသွားခဲ့ကြောင်း သိရသည်။

မီးလောင်မှုသည် ဆေးရုံဝင်းရှိ အလုပ်သမား ၀န်ထမ်းများနေထိုင်သော အိမ်တန်းရှိ ဓါတ်ခွဲခန်းအကူဝန်ထမ်း ဦးဘောက်နော် (Salang Bawk Naw) ၏အိမ်မှ စတင်လောင်ကျွမ်းလာခြင်းဖြစ်သည်ဟု အိမ်မီးလောင်သွားသော ဆေးရုံ ၀န်ထမ်းတစ်ဦးပြောသည်။

“၀ါယာကြိုးရှော့ဖြစ်လို့ လို့တော့ပြောတာပဲ။ ကျမသိလိုက်တော့ ၃ အိမ်လောင်နေပြီ။ မီးမီး ဆိုပြီးအော်လာတော့ အဲချိန်မှ နိုးလာတာ။ မီးသတ်ကား လည်းလာတယ်။ ဒါပေမဲ့ သိပ်တောင်မငြိမ်းရသေးဘူး။ ရေက ကုန်သွားတယ်။ နောက်တစီးကလည်း ဆီကုန်သွားတယ်။ ရေလောက်ရင် ကျမတို့ အိမ်တောင်ပါမှာ မဟုတ်ဘူး။ ဒါမဲ့ သူများကပိုဆိုးတာ ကျမတို့က အိမ်အစွန်းမို့လို့ နည်းနည်းပါးပါးယူလို့ရတယ်။ သူများ ကပ်ရပ်အိမ်တွေဆို အားလုံးပါသွားတယ်။ ကိုယ်လွှတ်ပဲရုန်းထွက် လာခဲ့တာ။ မီးက ၀ုန်းတိုင်းနဲ့ အလုံးလိုက်လောင်လာတော့ ဘာမှမယူနိုင်ဘူးလေ။”

အဆိုပါ မီးလောင်မှုတွင် ကုန်စုံဆိုင်တဆိုင်နှင့် အပ်ချုပ်ဆိုင်တဆိုင် ပါသွားပြီး ငွေသားများအချို့နှင့် တန်ဖိုးရှိသောပစ္စည်းအချို့ဆုံးရှုံးခဲ့ရသည်ဟု မီးဘေးသင့် ဒုက္ခသည်များပြောသည်။

လောင်ကျွမ်းသွားသော ဆေးရုံဝင်း ၀န်ထမ်းအိမ် ၁၁ လုံးသည် ပျဉ်ထောင်အိမ်တန်းများဖြစ်ပြီး ဆွေးမြေ့နေပြီလည်း ဖြစ်ကြောင်း ၀န်ထမ်းများပြောသည်။

မီးလောင်မှုစတင်ဖြစ်ပွားသော အိမ်မှ ဦးဘောက်နော် (Salang Bawk Naw) ကို သက်ဆိုင်ရာ ရဲများက စစ်ဆေးမေးမြန်းရန် ဖမ်းဆီး ခေါ်ဆောင်သွားသော်လည်း ရပ်ကွက်လူကြီးမှ အာမခံချက်ဖြင့် ပြန်လွတ်ပေးလိုက်ကြောင်းသိရသည်။

မီးဘေးသင့်နေသော ၀န်ထမ်းများတွင် ဆွေမျိုးမရှိသောသူ၊ အိမ်ယာမရှိသောသူများကို ဆက်လက်နေရာချထားရေးအတွက် ဆေးရုံကြီးရှိ ဂိုဒေါင်တွင် ပြန်လည်နေရာချပေးရန် ဆေးရုံအုပ်ကြီးက စီစဉ်ပေးနေကြောင်း သိရသည်။

ယခုချိန်တွင် မီးဘေးသင့်သူများသည် ထိခိုက်သေဆုံးမှုမရှိသော်လည်း လူဦးရေ ၅၀ ကျော်သည် ခက်ခဲရင်ဆိုင်နေရပြီး ၎င်းတို့ကို ယခုချိန် ဧရာရပ်ကွက်ရှိ ဧမာနွေလနှစ်ခြင်းဘုရားကျောင်းတွင် နေရာချပေးထားပြီး ကူညီရေးအဖွဲ့များမှ စောင့်ရှောက်ပေးနေကြောင်း သိရသည်။

အဆိုပါမီးလောင်မှုဖြစ်ပွားခြင်းကို ကချင်ပြည်နယ်ဝန်ကြီး လဂျွန်ငန်ဆိုင်း (Salang Lajawn Ngan Seng) ကလည်း လာရောက်ကြည့်ရှုခဲ့ပြီး ကူညီမည်ဟု ပြောဆိုထားကြောင်းသိရသည်။

“ဒီမနက်တစ်ခေါက်လာကြည့်ပြီးသွားပြီ။ ကူညီမယ်လို့တော့ပြောတယ်။ ဘာကူညီပေးမလဲတော့ မသိသေးဘူး။ ဒီနေ့ပြန်လာမယ်လိုပြောတယ်” ဟု မီးဘေးသင့်သူတစ်ဦးပြောသည်။

၎င်း မီးလောင်ကျွမ်းမှုဖြစ်ပွားနေချိန် လာရောက်ကြည့်ရှုနေစဉ် ဒူကထောင် (Du Kahtawng) အုပ်ချုပ်ရေးမှူး၏ ဆိုင်ကယ်တစ်စီးခိုး ခံလိုက်ရကြောင်းသိရသည်။

ယခု ဖေဖေါ်ဝါရီလဆန်းပိုင်တွင်ပင်  မြစ်ကြီးနားမြို့တွင်းမီးလောင်မှု ၃ နေရာတွင်ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး ကျွန်းပင်သာရပ်ကွက်မှ တိုက်အိမ် ၂ လုံးမီးလောင်မှု၊ ၃ ရက်နေ့ညတွင် တစ်ကြိမ် အေးမြသာယာရပ်ကွက်တွင် အိမ်မီးလောင်မှုဖြစ်ပွားကာ ယနေ့မနက်တင် ထပ်မံ၍ ဆေးရုံဝင်းတွင်း မီးလောင်မှုဖြစ်ပွားခဲ့ခြင်းဖြစ်သည်ဟု မြစ်ကြီးနား ဒေသခံများပြောသည်။

 www.kachinnews.com
www.burmese.kachinnews.com
www.kachin.kachinnews.com


0 comments:

Post a Comment