Wednesday, November 19, 2014

ဖားကန့်မှ တောက်ပကြယ် ကုမ္ပဏီထွက်သွားရန် လူထုဆန္ဒ ဖော်ထုတ်မည်

ဖားကန့်ရှိ ကုမ္ပဏီများရဲ့ ကျောက်တူး စက်ယန္တရားကြီးများ

တောက်ပကြယ် ကုမ္ပဏီ အား ကချင်ပြည်နယ် ဖားကန့်ကျောက်စိမ်းမှော်မှ ထွက်သွားရန် အပါအဝင် အချက် ၅ ချက်ကို တောင်းဆိုသော ဆန္ဒဖော်ထုတ်မှုကို မနက်ဖြန် နိုဝင်ဘာလ ၂၀ ရက်တွင် ပြုလုပ်မည် ဖြစ်ကြောင်း ဦးဆောင်သူတဦးဖြစ်သည့် ဖားကန့် ဒေသခံ ဆရာလမောင် လတောင် (Sara Lamawng La Tawng) က ပြောသည်။

“ကုမ္ပဏီတွေ ဝင်လာတဲ့အခါကျတော့ ကျနော်တို့ တစ်ပိုင်တစ်နိုင် တူးလို့မရတဲ့အပြင် ရေမဆေးကို လွတ်လွတ် လပ်လပ် ကောက်ခွင့် မပေးတဲ့ အပြင် ကျနော်တို့ရဲ့ဒေသခံလူတယောက်ကို ရက်ရက် စက်စက် သတ်ဖြတ် လိုက်တယ်။ ကျနော်တို့အတွက် လုံခြုံမှု မရှိတော့ဘူး၊ အဲဒါကြောင့် ကျနော်တို့ ဆန္ဒဖော် ထုတ်မှာပါ” ဟု ပြောသည်။

ပြီးခဲ့သည့် အောက်တိုဘာလ ၃၁ ရက်က တောက်ပကြယ် ကုမ္ပဏီ ၏ ကရိန်းဖြင့် မြေတူးရာမှ ကုတ်မိ၍ အသက် ၂၀ နှစ်အရွယ် ဦးဖုတ်လောင် ဂွမ်ဂျာအောင် (Slg. Hpuklawng Zelum snr Gum Ja Awng) ခေါ် ဇယ်လွမ်း ၏ခန္ဒာကိုယ် အပိုင်းပိုင်း သတ်ဖြတ်ခံခဲ့ရသဖြင့် ဖားကန့်ဒေသခံ ပြည်သူများ မကျေနပ်သဖြင့် ဆန္ဒဖော်ထုတ်သွားမည် ဖြစ်ကြောင်း သူကပြောသည်။

တောက်ပကြယ် ကုမ္ပဏီ ရုပ်သိမ်းပေးရန်၊ ၄င်းကုမ္ပဏီသည် ဒေသခံ လူထုအတွက် မည်သည့်အကျိုးမှ မရှိခြင်း၊ ကမ္ဘာပေါ်တွင် တန်ဖိုးရှိ ကျောက်စိမ်းထွက်ရှိရာ ဒေသခံများက ဆင်းရဲတွင်းနက်နေခြင်း၊ ဒေသခံများ မည်သည့် အကျိုးမှ မခံစားရခြင်းတို့ အပါအဝင် အချက် ၅ ချက်ကို လမ်းလျှောက် ဆန္ဒဖော်ထုတ်သွားမည် ဖြစ်ကြောင်း ဆရာလမောင် လတောင် ကပြောသည်။

၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ တွင် ပါရှိသော “နိုင်ငံတော်သည် မြေပေါ်မြေအောက် သံယံဇာတ အကုန်လုံး၏ ပိုင်ရှင်ဖြစ်သည်” အစား “ဖားကန့်ဒေသခံများ က ကချင်ပြည်နယ်သားများသည် ကချင်မြေ၏ မြေပေါ်မြေအောက် ရေပေါ်ရေအောက် ရှိသမျှသော သံယံဇာတ၏ ပိုင်ရှင်ဖြစ်သည်” နှင့် “နိုင်ငံပိုင်” ဟု ခေါ်ဆိုမှုကိုလည်း “ကချင်ပြည်နယ် ပိုင် သံယံဇာတ စီမံကုတ်ကဲမှုကို ကချင်ပြည်နယ် အစိုးရမှ လုပ်ပိုင်ခွင့်ရှိရေး ဥပဒေ ပြဌာန်းပေးပါရန် တောင်းဆိုသွားမည် ဖြစ်ကြောင်း သူကပြောသည်။

လာမည့် နိုဝင်ဘာလ ၂၀ ရက် နံနက် ၁၀ နာရီတွင် ဖားကန့်မြို့ ဥရုချောင်းတဖက်ကမ်းရှိ မရှီကထောင် (Mashi Kahtawng) ရပ်ကွက် မှ စတင် ထွက်ခွာ၍ အစိုးရ စုပေါင်းရုံးရှိရာ ကျောက်တိုင်ကွင်းထိလမ်းလျှောက် ဆန္ဒဖော်ထုတ်မည်ကို ဖားကန့်မြို့ရှိ သက်ဆိုင်ရာ ရဲတပ်ဖွဲ့နှင့် မြို့နယ်မှူး၊ မြို့နယ် ဦးစီးမှူးတို့နှင့် ညှိနှိုင်းထားပြီး ဖြစ်သည်ဟု သူက ပြောသည်။

ကမ္ဘောပေါ်တွင် တန်ဖိုးကြီး ကျောက်စိမ်းများ ထွက်ရှိရာ ဖားကန့်ကျောက်စိမ်းမှော်တွင် တရုတ်နိုင်ငံသားများနှင့်အစိုးရ ဗိုလ်ချုပ်များသာ လာရောက် လုပ်ကိုင်နေပြီး ဒေသခံပြည်သူများအတွက် မည်သည့်အကျိုးမှ မခံစားရဘဲ ဆင်းရဲမွေးတေနေရသဖြင့် ဆန္ဒဖော်ထုတ်ကြမည် ဖြစ်ကြောင်း သိရသည်။

ပြီးခဲ့သည့် အောက်တိုဘာလ ၃၁ ရက်က ဝဂျေမှော် (Waje Maw) တွင် တောက်ပကြယ် ကုမ္ပဏီမှ မြေစာလာချစဉ် ကရိန်းကားဖြင့် မြေကြီးများနှင့်အတူ ကုတ်မိ၍ ဘယ်ဖက်လက်တဖက်တစ်ပိုင်း၊ ခန္ဒကိုယ်နှင့် ညလက်တစ်ပိုင်း၊ ခေါင်းနှင့် ခြေထောက်အပိုင်း လေးပိုင်းပြတ်နေသော ဦး ဖုတ်လောင် ဂွမ်ဂျာအောင် ခေါ် ဇယ်လွမ်း ၏ အလောင်းကို တွေ့ရှိခဲ့သည်ဟု သိရသည်။

နိုဝင်ဘာလ ၁၀ ရက်တွင် တောက်ပကြယ် ကုမ္ပဏီက ဦးဖုတ်လောင် ဂွမ်ဂျာအောင် သေဆုံးမှု နစ်နာကြေးအဖြစ် ကျပ်သိန်း ၂၀၀ ပေးမည်ဟု သိရသည်။


0 comments:

Post a Comment