Tuesday, June 24, 2014

မန်ဝင်း ဒေသအတွင်း အစိုးရတပ် နှင့် KIA တိုက်ပွဲများ ဆက်လက်ဖြစ်ပွား



ကချင်ပြည်နယ်တောင်ပိုင်း မန်ဝင်း (Manwing) ဒေသအတွင်း အစိုးရတပ် နှင့် ကချင်လွတ်မြောက်ရေးတပ်ဖွဲ့ (KIA) ကြား နေ့စဉ်လိုလို အချိန်တို ပစ်ခတ်တိုက်ခိုက်မှုများ တစ်ပတ်ခန့် ရှိနေပြီဖြစ်ကြောင်းသိရသည်။

ပြီးခဲ့သည့်အပတ် အတွင်း KIA တပ်ရင်း ၂၇ နယ်မြေအတွင်း၌ အစိုးရတပ် တပ်မ ၈၈ လက်အောက် စစ်ကြောင်း တစ်ကြောင်းသည် နယ်မြေရှင်းလင်းရေးခေါင်းစဉ် နှင့် ဝင်ရောက် ထိုးစစ်ဆင်လှုပ်ရှားလာချိန်မှစပြီး ဖြစ်ပွားလာခဲ့ရကြောင်း မန်ဝင်းနယ်မြေနှင့် သက်ဆိုင်သော KIA အရာရှိ ဇော်ရှန် KNG ကချင်သတင်းဌာနသို့ ပြောသည်။

ဇွန်လ ၁၇ အင်္ဂါံနေ့ နမ်ခါးရွာ (Nam Hka) အနီးရှိ KIA တပ်ရင်း ၂၇ တပ်ဖွဲ့များနှင့် ဂေါငူယန် (Gaw Ngu Yang) ရွာ ၌ စတင်ပစ်ခတ်တိုက်ခိုက်ကြပြီး နောက်တနေ့မှာလည်း လက်နက်ကြီး၊ လက်နက်ငယ်များနှင့် အဆက်မပြတ်ပစ်ဖောက်ခဲ့ကြကြောင်း သေနတ်သံကြားနေရသည့် ဒေသခံများ ပြောသည်။

ဆက်ပြီး အချိန်တိုတိုက်ခိုက်မှုများသည် ဇွန်လ ၂၀ သောကြာနေ့၌ ပုန်းလိမ် (Pung Ling) ရွာ နှင့် တနင်္ဂနွေနေ့ ညနေပိုင်းမှာလည်း ဒိန်ဂါဘွမ် (Dingga Bum) တောင်မှာ ဆက်လက်ဖြစ်ပွားခဲ့ရကြောင်း KIA တာဝန်ရှိသူ ဇော်ရှန် ပြောဆိုခဲ့သည်။

ဗုဒ္ဒဟူးနေ့၌ နှစ်ဖက် ကိုယ်စားလှယ်များပါဝင်သော ပဋိပက္ခညှိနှိုင်းဖြေရှင်းရေးကော်မတီနှင့် မြစ်ကြီးနားမြို့မှာတွေ့ဆုံရာ မန်ဝင်းဒေသအတွင်း တိုက်ခိုက်မှုများအား ရပ်တန့်သွားရန် ဆွေးနွေးခဲ့ကြကြောင်း၊ မြစ်ကြီးနားအခြေစိုက် (PCG) ငြိမ်းချမ်းရေးအကျိုးဆောင်အဖွဲ့ အဖွဲ့ဝင်တစ်ဦးဖြစ်သော ဦးလမိုင်ဂွမ်ဂျာ (Slg Lamai Gum Ja) KNG ကချင်သတင်းဌာနသို့ ပြောသည်။

သို့သော်လည်း ပစ်ခတ်တိုက်ခိုက်မှုများ ရပ်တန့်သွားခြင်း မရှိသည်သာမက ဆွေးနွေးညှိနိုင်းနေသည့် ရက်၌လည်း ဂေါငူဘွမ် ဒေသ၌ တိုက်ပွဲဖြစ်ခဲ့သည်။

မိမိရှေ့တန်းတပ်စခန်းသို့ စားနပ်ရိက္ခာများ ဝင်ရောက်ပို့ဆောင်ပေးနေချိန် ထိပ်တိုက် ရင်ဆိုင်မူများကြောင့်သာ ဖြစ်ရကြောင်း၊ အစိုးရဘက်မှကိုယ်စားလှယ်များ ဗုဒ္ဒဟူးနေ့ တွေ့ဆုံသော မြစ်ကြီးနား အစည်းအဝေး၌ ပြောကြားခဲ့ကြောင်း ဦး လမိုင်ဂွမ်ဂျာ ပြောသည်။

သို့သော် ၄င်းတို့၏ပြောကြားချက်သည် မှန်ကန်မူမရှိကြောင်း၊ အဘယ်ကြောင့်ဆိုသော် ပြဿနာဖြစ်သည့်နေရာတဝိုက်၌ အစိုးရတပ် စခန်းချထားသည့်တပ်များ မရှိကြောင်း KIA ဗိုလ်မှူး ဇော်ရှန် ပြောသည်။

ထိုသို့ တိုက်ပွဲများဆက်လက်ဖြစ်ပွားနေလျင် ဒေသခံများ ထွက်ပြေးတိမ်းရှောင်နေရကာ လယ်ယာစိုက်ပျိုး၍မရသည့်အတွက်၊ နှစ်ဖက်တပ်များ ပစ်ခတ်မှုရပ်တန့်ပေးရန် အစိုးရတပ် နှင့် KIA ကို ဒေသခံပြည်သူများ စာဖြင့်တင်ပြမှုရှိကြောင်းလည်း ဦး လမိုင်ဂွမ်ဂျာ ပြောသည်။

တစ်နိုင်ငံလုံးအတိုင်းအတာအပစ်အခတ်ရပ်စဲရေး လက်မှတ်ရေးထိုးမည့်အကြောင်းအရာနှင့် ပတ်သက်ပြီး အစိုးရ နှင့် တိုင်းရင်းသားလက်နက်ကိုင်တော်လှန်ရေးအဖွဲ့များ၏ ကိုယ်စား NCCT အကြား ဆွေးနွေးညှိနှိုင်းမှုများ နောက်ဆုံးအဆင့်သို့ ရောက်ရှိနေသည့်အချိန် နိုင်ငံမြောက်ပိုင်း ကချင်ဒေသများတွင် တိုက်ပွဲများဆက်လက်ဖြစ်ပွားနေဆဲဖြစ်သည်။


0 comments:

Post a Comment