Thursday, June 12, 2014

KBC အထွေထွေအတွင်းရေးမှူး Rev. Samson ၏ ကိုယ်ရေးအချက်လက် ရဲများ စုံစမ်း

ဇွန်လ ၉ မြစ်ကြီးနားလူထုဆန္ဒပြပွဲတွင် မြင်ရတဲ့ KBC ဥက္ကဌ Rev. Gyung Hkawng (ညာ) နဲ့ အထွေထွေအတွင်းရေးမှူး Rev. Dr. Samson၊ ပုံ - ကချင်သတင်းဌာန

မြစ်ကြီးနား — ကချင်နှစ်ခြင်းခရစ်ယာန်အဖွဲ့ချုပ် (KBC) ဦးဆောင်၍ မြစ်ကြီးနားမြို့တွင် ကချင်ဒေသတိုက်ပွဲ (၃) နှစ်ပြည့် အထိန်းအမှတ် လူထုဆန္ဒပြပွဲတစ်ရပ် ပြုလုပ်ပြီး မကြာမီ KBC အထွထွေအတွင်းရေးမှူး Rev. Dr. Samson ၏ ကိုယ်ရေးအချက်လက်များကို အစိုးရရဲများက စုံစမ်းစစ်ဆေးမှုများပြုလုပ်နေကြောင်း သိရသည်။

ဇွန်လ (၉) ရက်နေ့ မနက်ပိုင်း ကချင်ပြည်နယ်မြို့တော်၌ လူထုဆန္ဒပြပွဲ အစီအစဉ်လုပ်ပြီး မွန်းလွဲပိုင်းတွင် ရဲများသည် Rev. Dr. Samson နှင့်ပတ်သက်သည့် ကိုယ်ရေးအချက်လက်များကို အစိုးရ ရပ်ကွက်အုပ်ချုပ်ရေးရုံး (ရရက) နှစ်နေရာသို့ လာရောက်စုံစမ်းခဲ့ကြောင်း KBC သတင်းဌာနမှ တာဝန်ခံ ဆရာ Lama Yaw ပြောပါသည်။

၎င်းရဲတပ်ဖွဲ့ဝင်များက မြစ်ကြီးနားခရိုင်က ဖြစ်ကြောင်းကို သိရှိရပြီး၊ သူတို့ဟာ KBC အတွင်းရေးမှူး၏ နေရပ် ရွှေစက်ကျေးရွာ ရရက ရုံးမှာ အရင်လာရောက်မေးမြန်းစုံစမ်းခဲ့ပြီး နောက် KBC ရုံး စိုက်ထူထားသည့် နေရာ ရှမ်းစုတောင် ရပ်ကွက်ကျေးရွာအုပ်စုမှ ရရက ရုံးတွင်လည်း ဝင်ရောက်မေးမြန်းခဲ့ကြောင်း ဆရာ Lama Yaw ပြောသည်။

သို့သော် ဆရာဆမ်ဆွန်၏ ရွှေစက်ကျေးရွာရှိ နေအိမ်နှင့် KBC ရုံးတွင်မူ လာရောက် စစ်ဆေးခြင်း မရှိကြောင်း စုံစမ်း သိရှိရသည်။

ပြီးခဲ့သည့်တနင်္လာနေ့တွင် အဆိုပါ အထွေထွေအတွင်းရေးမှူးကိုယ်တိုင် ဦးဆောင်ကာ ရာချီသောလူထုများနှင့်အတူ စီတာပူ ရိုးရာမနောကွင်းမှ တောင်ဘက်ပိုင်း ၁၀ မိုင် အကွာအဝေးရှိသော နောင်နန်းကျေးရွာ သို့ လမ်းလျှောက်ချီတက် ဆန္ဒပြကြပြီး၊ ကချင်ဓမ္မကောလိပ် (KTC) အေဒီ ၂၀၀၀ ပြည့် အထိမ်းအမှတ် ခန်းမဆောင်တွင် အစိုးရနှင့် KIO ပဋိပက္ခဖြစ်သည့် ၃ နှစ်ပြည့် အခမ်းအနားပွဲကို ကျင်းပခဲ့ကြသည်။

အထိမ်းအမှတ်နေ့ ရက်စွဲဖြင့် KBC ၏ ထုတ်ပြန်ကြေညာချက်တွင်လည်း “စစ်ရှောင်နေသူများ ကိုယ့်နေအိမ်သို့ အမြန်ပြန်နိုင်ရန်၊ အစိုးရစစ်တပ်အား အမြန်ဆုံး ရုတ်သိမ်းပေးရန်” တောင်းဆိုထားသည်ကိုတွေ့ရသည်။

ဆက်လက်ပြီး “အပြစ်မရှိ ပြည်သူ တစ်သိန်း ကျော် စစ်ရှောင်နေရခြင်းသည် နိုင်ငံရေးကြောင့် ဖြစ်ကြောင်း၊ ထို့ကြောင့် ပင်လုံစာချုပ်ကို အခြေခံပြီး စစ်မှန်သည့် ဖက်ဒရယ်ပြည်ထောင်စုကို အမြန်ဆုံး အကောင်အထည်ဖော်ရန်” KBC ထုတ်ပြန်ကြေညာချက်တွင် တောင်းဆိုထားသည်။

၂၀၁၂ ခုနှစ် ဇွန်လဆန်း (၆) ရက်နေ့တွင်လည်း ကချင်လွတ်မြောက်ရေးတပ်ဖွဲ့ (KIA) စစ်ဗိုလ်အဖြစ် မတရားစွပ်စွဲပြီး ဖမ်းဆီး သွားသည့် မြစ်ကြီးနား ဂျန်မိုင်ကောင်ဒုက္ခသည်စခန်းမှ ဦး လထော်ဘရန်ရှောင်အား ပြန်လည် လွတ်ပေးရန်အတွက်လည်း ငြိမ်းချမ်းသောနည်းလမ်းဖြင့် KBC သင်းအုပ်ဆရာများ ဦးဆောင်ကာ လူထုများနှင့် တောင်းမှုများရှိခဲ့သည်။

KBC သည် ကချင်ခရစ်ယာန် အသင်းတော်များထဲမှ အကြီးဆုံးတခုဖြစ်ပြီး၊ ၂၀၁၁ ခုနှစ် ဇွန် လဆန်း (၉) ရက်နေ့မှစ၍ မြန်မာအစိုးရနှင့် KIO အကြား ပြန်လည်တိုက်ပွဲဖြစ်ပြီးနောက် ကချင်ကိုယ်ပိုင်အုပ်ချုပ်ရေး အတွက် အထူးဆုတောင်းသည့် အစီအစဉ်များ ပြုလုပ်ခြင်းသာမက အစိုးရအား တောင်းဆိုခြင်းများလည်း လုပ်ဆောင် နေပါသည်။


0 comments:

Post a Comment