Friday, September 27, 2013

ပြည်ထောင်စုအဆင့်တွေ့ဆုံဆွေးနွေးမှုဖြစ်မြောက်ရန် အချိန်ယူပြီးပြင်ဆင်ခဲ့ခြင်းဖြစ်


အစိုးရနှင့် ကချင်လွတ်မြောက်ရေးအဖွဲ့ KIO နှစ်ဖက် နည်းပညာအဖွဲ့များသည် အချိန်ကြာပြင်ဆင်ကာ တွေ့ဆုံညှိနှိုင်းခဲ့ပြီးနောက် ပြည်ထောင်စုငြိမ်းချမ်းရေးဖော်ဆောင်ရေးလုပ်ငန်းကော်မတီ နှင့် KIO တွေ့ဆုံဆွေးနွေးရေးအဖွဲ့များ အောက်တိုဘာ ၈၊ ၉၊ ၁၀ အတွင်း တွေ့ဆုံရန်သဘောတူခဲ့ကြသည်။

ထိုသို့ တွေ့ဆုံဆွေးနွေးနိုင်ရန် နှစ်ဖက် နည်းပညာအဖွဲ့များ အချိန် ၃ လကျော် ပြင်ဆင်ကာ ညှိနှိုင်းဆောင်ရွက်ပြီးမှ သတ်မှတ်နိုင်ခြင်းဖြစ်ပြီး ယခုတွေ့ဆုံဆွေးနွေးမှုများမှ ပဋိပက္ခအခြေအနေများ လျှော့နည်းလာမည်ဟုယုံကြည်ကြောင်း အစိုးရ ငြိမ်းချမ်းရေးအကျိုးတော်ဆောင် ဦးလှမောင်ရွှေပြောသည်။

“ကျွန်တော်တို့အနေနဲ့ Technical Team Level ဆွေးနွေးပွဲဖြစ်ဖို့တောင်မှ မေလကုန်ကနေစောင့်ရတာ ၃ လခွဲကြာပါတယ်ဗျ၊ ဒါပေမယ့် တဖက်အဖွဲ့အစည်း ကလည်းပြင်ဆင်နေတယ်ဆိုတဲ့ အတွက်စောင့်ရမှာပေါ့။  ဒါပေမယ့်တကယ်တွေ့တဲ့အခါကျတော့လည်း ၂ ရက်တာကာလက မျှော်လင့်တာထက် တော်တော်လေး ရင်းရင်းနှီးနှီးဆွေးနွေးနိုင်ပါတယ် အခုမှ Technical Team နဲ့လည်း ၂ နှစ်တာကာလအတွင်းမှာ အခုမှဆွေးနွေးနိုင်တယ် ကျွန်တော်တို့က ဒီလိုတွေ့ဆုံဆွေးနွေးမှုတွေရှိနေရင်တော့ တင်းမာတွေပိုပြီး လျှော့ချနိုင်တဲ့ ယုံကြည်မှုလည်းရလာနိုင်တယ်လို့ ယုံကြည်တယ်ဗျ။”

အစိုးရနှင့် KIO ပြည်ထောင်စုအဆင့်ဆွေးနွေးပွဲကို ကချင်ပြည်နယ် မြစ်ကြီးနားမြို့စီတာပူရပ်ကွက် မဂျွယ်ခမ်းမတွင် တွေ့ဆုံသွားရန်ဖြစ်ပြီး ယခုချိန်ပြင်ဆင်မှုများရှိနေကြောင်း ငြိမ်းချမ်းရေးအကျိုးတော်ဆောင် PCG မှ ဦးလမိုင်ဂွမ်ဂျာပြောသည်။

“ဘာတွေဆွေးနွေးမယ် ဘယ်သူတွေပါမယ်ဆိုတာတော့ တိတိကျကျမသိသေးဘူး။ ဒါပေမယ့် ဒီတခါတော့ စုံစုံလင်လင်ဆွေးနွေးမယ်လို့ ကျွန်တော်ထင်ပါတယ်”

KIO ဖက်မှ နည်းပညာအဖွဲ့ Technical Advisory Team အဖွဲ့ခေါင်းဆောင် ဗိုလ်မှူးကြီး ဂေါ်လူလအောင်လည်း မြစ်ကြီးနားရုံးတွင်ရောက်ရှိနေပြီး ဆွေးနွေးပွဲတွင်တက်ရောက်မည့်သူများကိုလည်း ရွေးချယ်နေဆဲဖြစ်ကြောင်း ရုံးအဖွဲ့ဝင်များမှသိရသည်။

နှစ်ဖက်တွေ့ဆုံချိန် ဒုက္ခသည်များ ပြန်လည်နေရာချထားရေးကိစ္စများအပါအ၀င် ယခုအစိုးရနှင့် တိုင်းရင်းသားလက်နက်ကိုင်များကြားလိုလားနေသော ကိုယ်ပိုင်းပြဌာန်းခွင့်၊ ဖယ်ဒရယ်ပြည်ထောင်စု ဖော်ဆောင်ပေးရန်နှင့် တပြည်လုံးအတိုင်းတာ အပစ်အခတ်ရပ်စဲရေးကိစ္စများ ပါဝင်မည်ဖြစ်ကြောင်း သိရသည်။

www.kachinnews.com

www.burmese.kachinnews.com

www.kahcin.kachinnews.com

www.kachin-news.blogspot.com

http://www.facebook.com/Kachin-News-Group


0 comments:

Post a Comment