Monday, November 14, 2011

အကြမ်းဖက် ဗုံးဖောက်ခွဲမှုကြောင့် အပြစ်မဲ့ ကချင်ပြည်သူ ၁၄ ဦး မီးလောင်ကျွမ်းသေဆုံး

မီးလောင်သည့် အိမ်တစ်လုံး
ကချင်ပြည်နယ် မြစ်ကြီးနားမြို့ သီတာရပ်ကွက်တွင် အကြမ်းဖက် ဗုံးဖောက်ခွဲမှုကြောင့် အပြစ်မဲ့ ကချင်ပြည်သူ ၁၄ ဦးသေဆုံးသည်ဟု မြစ်ကြီးနားပြည်သူ့ဆေးရုံက ဆရာဝန်တစ်ဦး ပြောသည်။

ဒဏ်ရာရသူ ၂၀ ဦးခန့်ရှိသည်ဟုလည်း ဆိုသည်။

နိုဝင်ဘာလ ၁၃ ရက် တနင်္ဂနွေနေ့တွင် ည ၈ နာရီကျော်တွင် ဒီတီဆိုင်ကယ်ကြီး စီးလာသူ နှစ်ယောက်က မြစ်ကြီးနားကားကြီးဝင်းအနီးရှိ နှစ်ထပ်ပျဉ်ထောင်အိမ်တလုံးထဲ ဗုံးပစ်ထည့်ရာမှ ပေါက်ကွဲလောင်ကျွမ်းလာသည်ဟု မျက်မြင် အိမ်နီးနားချင်းများ ပြောသည်။

ဗုံးဖောက်ခံရကာ စတင်လောင်ကျွမ်းလာသည့် ကချင်ရိုးရာသိုင်းဆရာ ဒယောင်တန်ဂွန်း၏ အိမ်တွင် မိဘမဲ့ကလေးများဖြင့်ဖွဲ့စည်းထားသည့် ကချင်ရိုးရာမနောဘင်ခရာတီးဝိုင်းအဖွဲ့သားများ၊ အခြားမိဘမဲ့ကလေးများ၊ တက္ကသိုလ်ဝင်တန်းဖြေဆိုမည့် ကျောင်းသားများ၊ ဂါးရာယန်ကျေးရွာဘက်မှ စစ်ပြေးဒုက္ခသည်ကလေးများ နေထိုင်ကြသည်ဟု ဆိုသည်။

အိမ်ရှင် ဒယောင်တန်ဂွန်းမှာ ဖားကန့်ဘက်သို့ ရောက်ရှိနေပြီး ယခုဖောက်ခွဲခံရမှုကြောင့် ၎င်း၏သားနှစ်ဦးနှင့် မြေးတစ်ဦး သေဆုံးသည့်အပြင် ဇနီးမှာ ဒဏ်ရာရရှိသည်ဟု သိရသည်။

ဒယောင်တန်ဂွန်းမှာ မြစ်ကြီးနား ကချင်ရိုးရာယဉ်ကျေးမှုဗဟိုကော်မတီ၏ ကချင်ရိုးရာသိုင်းအဖွဲ့နှင့် ကချင်ရိုးရာတူရိယာအဖွဲ့ကို ဦးဆောင်နေသူလည်းဖြစ်သည်။
လူ ၁၄ ဦးသေဆုံးကာ လောင်ကျွမ်းပြာကျသွားသည့် ဦးဒယောင်တန်ဂွန်း၏ အိမ်မှတဆင့် နှစ်ထပ် အုတ်တိုက်အိမ် ၃ လုံး ထပ်မံကူးစက်လောင်ကျွမ်းသွားသည်။
၎င်းကချင်အိမ်တို့မှာ လောပန်း လရှိုနော်အောင်ပိုင် အိမ်၊ ဖဂါနော်ရင်န် ပိုင် အိမ်နှင့် မရှော့မိသားစုပိုင် အိမ် တို့ဖြစ်သည်ဟု သိရသည်။

ဒေသခံများက မိဘမဲ့ ကချင်ကလေးများ ဗုံးဖောက် မီးရှို့ အကြမ်းဖက် သတ်ဖြတ်ခံရသည်မှာ ပထမဆုံးအကြိမ်ဖြစ်နိုင်သည်ဟု  တအံ့တသြ ပြောဆိုနေကြသည်။
မီးလောင်မှုဖြစ်ပွားနေစဉ်အတွင်း ဥသြဆွဲသံနှင့်အတူ မြောက်ဘက် ဗလမင်းထင် ဧရာဝတီမြစ်ကူးတံတားဘက်မှ စစ်ကားများနှင့်မီးသတ်ကားနှစ်စီး မီးလောင်သည့်နေရာဘက်သို့ ဖြတ်သန်းသွားသည်။ နောက်တစ်ဖန် ဗလမင်းထင်တံတားဘက်သို့ ဦးတည်သွားသော မီးသတ်ကားနှစ်စီးပါ စစ်ယာဉ်တန်းကိုလည်း မြင်တွေ့ရပြန်သည်ဟု မျက်မြင် သက်သေများပြောသည်။

မီးသတ်ကားများရှိသည့် မြစ်ကြီးနားမြို့ အရံမီးသတ်စခန်းမှာ ဗုံးပေါက်ကွဲမီးလောင်မှုဖြစ်ပွားရာ နေရာမှ မြောက်ဘက်တွင်မဟုတ်ဘဲ တောင်ဘက် ၁ မိုင်ကျော်အကွာတွင် တည်ရှိသည်။

မိဘမဲ့ကလေးများအပါအ၀င် အိမ်သူအိမ်သား ၃၂ ဦးလက်ခံထားသူ  ဦးဒယောင်တန်ဂွန်းမှာ အရံမီးသတ် တပ်ဖွဲ့ဝင်တစ်ဦးလည်းဖြစ်ခဲ့သည်ဟု ဆိုသည်။

ယခုအဖြစ်အပျက်မတိုင်ခင် နိုဝင်ဘာလ ၁၂ ရက် စနေနေ့ ည ၉ နာရီနောက်ပိုင်း ရှေ့ဆင့်နောက်ဆင့် ဗုံးပေါက်ကွဲမှု ၃ နေရာတွင် ၁ ကြိမ်စီဖြစ်ပွားခဲ့သေးသော်လည်း လူအသေအပျောက်မရှိခဲ့ပေ။

1 comments:

NOV.13ရက်နေ့ည(၈း၀၀)နာရီ
ကချင်ပြည်နယ် မြစ်ကြီးနား သီတာရပ်ကွက်တွင်နေထိုင်သော ဦးဒယောင်တန်ဂွန်းဖြစ်သူ၏နေအိမ်တွင်အမြောက်ပစ်ခတ်ခံရတာနဲ့ပတ်သက်ပြီး စစ်ဆေးမေးမြန်းနေတယ်လို့ကြားရပါတယ် အခုလက်ရှိ မြစ်ကြီးမြို့တွင် ဒီအမြောက်ပစ်တာနဲ့ပက်သက်ပြီး ပြည်သူတွေအားလုံးက ပါးစပ်တောင်မဟနိုင်လောက်အောင်ကို ဖြစ်နေပါတယ်
အိမ်ရှင် လင်မယားဟာ အခုချိန်မှာ ချုပ်နှောင်မှုများကို ခံနေရပါတယ်
၁၊...အိမ်ရှင်ဦးဒယောင်တန်ဂွန်း အမှတ်(၁)ရဲစခန်းတွင်ဖမ်းချုပ်ခံရ
၂၊...ဇနီဖြစ်သူဒေါ်ဂျာဒမ့်(ခ)ထုရော်အား သီသန့်ရဲစခန်းတွင်ဖမ်းချုပ်ခံရ
....အမြောက်ဆံ ဖြင့်သေဆုံးသူများကို NOV15..မနက်(၉)နာရီတွင် ရာဒါကောင် င်္သချိုင်းတွင် င်္သဂြိုလ်

Post a Comment