Wednesday, December 9, 2015

KIA နယ်မြေထဲ RCSS တပ် ၀င်လာခြင်းကြောင့် စစ်ရေး တင်းမာ



ရှမ်းပြည်နယ်မြောက်ပိုင်း ကချင်လွတ်လပ်ရေးတပ်မတော် KIA တပ်မဟာ(၄)နယ်မြေထဲသို့ ရှမ်းပြည်တပ်မတော် တောင်ပိုင်း (RCSS/SSA) တပ်ဖွဲ့များ ၀င်ရောက်လာခြင်းကြောင့် တိုက်ပွဲဖြစ်ပွားခြင်း မရှိသော်လည်း စစ်ရေး တင်းမာနေသော အခြေအနေ ဖြစ်နေရကြောင်း သိရသည်။

ယခုချိန် RCSS/SSA တပ်ဖွဲ့များ KIA တပ်ရင်း(၃၆) မုန်ဘော် (Mung Baw) ဘက်ကို အင်အား ၂၀၀ ကျော်နှင့် KIA တပ်ရင်း(၃၈) မုန်းယာ (Mong Ya) ဘက်ကို စစ်ကြောင်းတကြောင်း ရောက်ရှိနေပြီး KIA တပ်ရင်း(၂) မုန်းဆီး (မုန်ဂျီ)ဘက်တွင်လည်း စစ်ကြောင်းတကြောင်း ချီတက်လာနေကြောင်း ဒေသခံများ ကချင်သတင်းဌာန KNG ကို ပြောပါသည်။

မုန်ဘော် ဘက် RCSS/SSA တပ်များ နောက်တွင် မြန်မာအစိုးရတပ်ဖွဲ့များလည်း လိုက်ပါလာသည်ကို မြင်တွေ့ရကြောင်း ဒေသခံများ ဆိုသည်။

မြန်မာအစိုးရနှင့် တနိုင်ငံလုံးအပစ်အခတ်ရပ်စဲရေး NCA စာချုပ် လက်မှတ်ရေးထိုးထားသော ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ၊ ရှမ်းပြည်တပ်မတော် တောင်ပိုင်း (RCSS/SSA) က NCA လက်မှတ် ရေးထိုးခြင်းမရှိသော KIA တပ်မဟာ(၄)နယ်မြေများသို့ သတင်းပို့ အကြောင်းကြားခြင်းနှင့် ခွင့်တောင်းခြင်း မရှိဘဲ ၀င်ရောက်လာခြင်းဖြစ်သည်။

KIA ကဲ့သို့ NCA လက်မှတ် မရေးထိုးသော ပလောင်ပြည်နယ် လွတ်မြောက်ရေးတပ်ဦး (PSLF/TNLA) နယ်မြေများသို့လည်း RCSS/SSA တပ်ဖွဲ့များ ကျူးကျော်ဝင်ရောက်လာခြင်းကြောင့် နှစ်ဖက်တိုက်ပွဲဖြစ်လာပြီး နမ့်ခမ်းမြို့နယ်အတွင်း တိုက်ပွဲများ ယမန်နေ့ထိ နှစ်ရက်ကြာ ဖြစ်ပွားနေပါသည်။

RCSS/SSA တပ်ဖွဲ့များသည် KIA တပ်မဟာ(၄)နှင့် PSLF/TNLA နယ်မြေများတွင် ကျူးကျော်ဝင်ရောက်လာသော်လည်း ရှမ်းပြည်တိုးတက်ရေးပါတီ၊ ရှမ်းပြည်တပ်မတော် မြောက်ပိုင်း (SSPP/SSA) နယ်မြေများတွင် ၀င်ရောက်ခြင်း မရှိကြောင်း သိရသည်။

ရှမ်းပြည်နယ်မှ ကချင်ပြည်နယ်ခွဲ (Kachin Sub-state) ဟု ခေါ်သော ရှမ်းပြည်နယ်မြောက်ပိုင်းတွင် ယခင်က RCSS/SSA တပ်သည် နမ့်ခမ်းမြို့နယ်၌သာ တပ်မဟာ (၇၀၁)ရှိရာမှ ယခု KIA တပ်မဟာ(၄)နှင့် PSLF/TNLA နယ်မြေများသို့ တိုးချဲ့လာခြင်းလည်းဖြစ်သည်။

လာမည့် မြန်မာအစိုးရသစ်နှင့် တပ်နေရာချထားရေးကိစ္စ မဆွေးနွေးမီ RCSS က ရှမ်းပြည်နယ်မြောက်ပိုင်း တွင် ကြိုတင် နေရာတိုးချဲ့ထားခြင်းဖြစ်နိုင်ကြောင်း စစ်ရေးသုံးသပ်သူများဆိုပါသည်။

RCSS/SSA သည် ‘ရှမ်းပြည်နယ် ဘယ်နေရာဒေသမရွေး ဘယ်အဖွဲ့အစည်းကိုမျှ သတင်းပို့ အကြောင်းကြားခြင်းနှင့် ခွင့်တောင်းခြင်းမလိုဘဲ သွားလာနိုင်ကြောင်း’ ကို KIA တပ်မဟာ(၄) နယ်မြေမှ ဒေသခံပြည်သူများကို အသိအလင်းပြောကြားမှုများလည်း ပြုလုပ်နေသည်ဟု ဒေသခံများဆိုသည်။

ယခုလိုပဲ RCSS/SSA က ဆက်လုပ်နေလျှင် KIA တပ်မဟာ(၄)တပ်ဖွဲ့များနှင့်လည်း မလွဲမရှောင်သာ တိုက်ပွဲဖြစ်လာနိုင်ကြောင်း ဒေသခံများ ပြောဆိုနေကြပါသည်။


0 comments:

Post a Comment